Author: vanko
•10:00 PM

www.cclapcenter.com

ဒီကနေ့ Adventures of Tom Sawyer စာအုပ်လေး တင်ပေးပါမယ်ဆိုမှ ဘဏ်ကဖုံးဆက်ခေါ်လို့ ညနေအလုပ်ဆင်းတော့ သွားရသေးတယ်။ (အကြွေးလှမ်းတောင်းတယ်မထင်နဲ့နော်.. iBanking Service လျှောက်ထားတာ လျှောက်လွှာမှာ တစ်ခုခု လိုနေသေးလို့ပါတဲ့။) အလုပ်ကထွက်တော့ ၆ နာရီ၊ ရေချိုးပြီးတော့ ၆း၃၀၊ အပြင်တောင် မထွက်ရသေးဘူး မိုးတွေရွာလာလို့ မိုးတိတ်အောင်စောင့်လိုက်တာ ၇ နာရီထိုးမှပဲ ဘဏ်သွားဖို့ ကားဂိတ်ရောက်တော့တယ်။ တော်သေးတာပေါ့ ဒီဘဏ်ခွဲရုံးလေးက ည ၈ နာရီအထိဖွင့်တယ်။ စနေ၊ တနင်္ဂနွေလည်းဖွင့်တယ်။ ပုံမှန် ဘဏ်ဖွင့်ချိန်နဲ့ အလုပ်လုပ်တဲ့ရုံးခွဲဆိုရင်တော့ ကျွန်တော့်အတွက်ကတော့ အလုပ်လစ်ပြီးမှ သွားရမယ့်ကိန်းပဲ။

အင်း.. ထားပါတော့ ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ဒီနေ့စာအုပ်တင်တာ နောက်ကျသွားရတဲ့အကြောင်းရင်းကို ဆင်ခြေကန်ကြည့်တာပါ။ :P စာအုပ်အကြောင်းဆက်တာပေါ့နော်..။

အမေရိကန်စာရေးဆရာကြီး Mark Twain ကိုတော့ အတော်များများသိကြမှာပါ။ သူ့ရဲ့နာမည် အရင်းကိုတော့ သိတဲ့သူနည်းလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ဟိ ဟိ။ အထင်မကြီးပါနဲ့။ ဟိုတစ်လောကမှ အင်တာနက်မှာ အမှတ်မထင်ဖတ်လိုက်မိလို့ပါ။ သူ့နာမည်ရင်းက Samuel Langhorne Clemens (November 30, 1835 – April 21, 1910)ပါတဲ့။

ကလောင်နာမည် Mark Twain ဖြစ်လာပုံကတော့ ဒီလိုပါတဲ့။ သူဟာ မစ္စပီမြစ်ရိုးတစ်လျှောက်မှာ Steamboat pilot အင်း.. ရေနွေးငွေ့သင်္ဘောကပ္ပတိန်ပေါ့ဗျာ အဲဒါ လုပ်ဖူးပါတယ်။ လစာကလည်း အတော်ကောင်းဆိုပဲ။ တစ်လကို ဒေါ်လာ ၂၅၀ ရပါသတဲ့။ မရယ်ကြပါနဲ့ဦး။ အဲဒီတုံးက တစ်လ ၂၅၀ ဆိုတာ အခုခေတ်အနေနဲ့ဆို တစ်နှစ်ကို ဒေါ်လာ ၁၅၅,၀၀၀ နှုန်းနဲ့ အကြမ်းဖျင်းညီမျှပါသတဲ့။ တစ်လကို ဒေါ်လာ ၁၃၀၀၀ နီးပါးနဲ့ညီမျှပါတယ်။ လျှာရှည်လက်စနဲ့ ဆက်ရှည်လိုက်ရရင် သူက သူ့ညီကိုလဲ အဲဒီအလုပ်လုပ်ဖို့ ခေါ်ပါတယ်။ သူ့ညီလည်း pilot မဖြစ်ခင် သင်ယူနေတုံးမှာပဲ သူလိုက်နေတဲ့ Steamboat ပေါက်ကွဲမှုဖြစ်ပြီး သေရှာပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်မှာကို Mark Twain ဟာ တစ်လလောက်ကတည်းက ကြိုပြီးအာရုံထဲမှာ သိနေပါတယ်တဲ့။ အဲဒါနဲ့ သူလည်း စိတ်နယ်လွန်ပညာ Parapsychology ကိုလေ့လာလိုက်စားခဲ့ပါသေးသတဲ့။

အင်း.. ပြောနေတာ ဘေးချော်သွားပြီ။ အဲဒီ မစ္စပီမြစ်ရိုးတစ်လျှောက် Steamboat မောင်းရာမှာ သင်္ဘောအန္တရာယ်ကင်းကင်းနဲ့ သွားလို့ရနိုင်မယ့် ရေအနက်ကို သတိထားပြီးကြည့်ရပါတယ်တဲ့။ ရေစူးတိမ်တဲ့နေရာဆိုရင် သင်္ဘောသောင်တင်သွားမှာစိုးလို့ပါ။ သူတို့မောင်းတဲ့ Steamboat တွေအတွက် စိတ်ချရတဲ့ ရေစူး (ရေအနက်)က ရေကြောင်းဘာသာရပ်ဆိုင်ရာ အတိုင်းအတာအရ ၂ ဖာသွန် (2 fathoms) လို့ သတ်မှတ်ပါတယ်။ 1 fathom က ၂ ကိုက် (2 Yards) သို့မဟုတ် (1.8 meter) နဲ့ ညီမျှပါတယ်။ ရေအနက်ကို ကြည့်တဲ့လူက သင်္ဘောဘေးက sounding line ကိုကြည့်ပြီး ရေအနက် ဘယ်လောက်ရှိတယ်ဆိုတာ အော်ပြောရပါတယ်။ ရေအနက်က ၂ ဖာသွန်ရှိတယ်ဆိုရင် bye the mark twain လို့အော်ပါတယ်။ by the mark ကတော့ရှင်းပါတယ်။ twain ဆိုတာက အဲဒီတုံးက သင်္ဘောသားတွေသုံးတဲ့ စကားပါ။ two လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ အပြည့်အစုံဆိုရင်တော့ "according to the mark [on the line], [the depth is] two [fathoms]" လို့ ပြောတာပါတဲ့။ အဲဒါကို အတိုကောက်ပြောကြတော့ Mark Twain လို့ပဲ အော်ကြပါတယ်တဲ့။ အဲဒီစကားလေးကို ယူပြီး သူ့ရဲ့ကလောင်နာမည်ပေးထားတာပါတဲ့။ Wiki မှာဖတ်ရတာပါ။ ပိုပြီးသိချင်ရင်တော့ ကိုယ်တိုင်သွားဖတ်တော့နော်။ :P

စာအုပ်အကြောင်းမရောက်နိုင်သေးဘူး။ ဒီစာအုပ်ကတော့ သူ့ရဲ့ကျော်ကြားတဲ့လက်ရာတစ်ခုပါ။ အဓိကဇာတ်ကောင် Tom Sawyer ဆိုတာ အပြင်မှာ တကယ်ရှိတဲ့ကောင်လေးပါတဲ့။ တစ်ယောက်ထည်းရဲ့ character တော့မဟုတ်ပါဘူးတဲ့။ သူတွေ့ဖူးခဲ့တဲ့ ကောင်လေးသုံးယောက်ရဲ့ character တွေကို ပေါင်းစပ်ပြီးရေးထားတာပါလို့ Mark Twain ကိုယ်တိုင်က ရေးခဲ့ပါတယ်။ ဒါပေမယ့် နှောင်းလူတွေကတော့ ဒါဟာ Mark Twain ကိုယ်တိုင်နဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ငယ်ဘ၀တွေကို အမှတ်တရ ပြန်ရေးထားတာလို့ ဆိုကြပါတယ်။ ဒီထဲမှာပါတဲ့ ဇာတ်ရံကောင်လေး Huckleberry Finn ကလည်း ခေသူမဟုတ်ပါဘူး။ သူ့ရဲ့ စွန့်စားခန်းတွေအကြောင်းကိုလည်း Adventures of Huckleberry Finn ဆိုတဲ့နာမည်နဲ့ စာတစ်အုပ် ရှိပါသေးတယ်။ ကျွန်တော်တော့ အဲဒီစာအုပ်ကို မဖတ်ဖူးသေးဘူး။

Tom Sawyer ကိုတော့ ကျွန်တော် USIS မှာ ဖတ်ခဲ့ရတာပါ။ စဖတ်ကတည်းက ဆွဲဆောင်အားကောင်းပါတယ်။ ဇာတ်လမ်းလေးက ရွှင်ရွှင်မြူးမြူး သွက်သွက်လက်လက်နဲ့ပါ။ ကလေးချင်းအတူတူ Tom တစ်ယောက် လူလည်ကျပြီး ခြံစည်းရိုးကို ဆေးညာသုတ်ခိုင်းပုံကလေးကလည်း ပြုံးစရာပါ။ ကလေးတစ်သိုက်ရဲ့ စွန့်စားခန်းလေးတွေလည်း ပါပါတယ်။ ဗရုတ်ကျခန်းတွေလည်းပါပါတယ်။ စူးစမ်းစပ်စုတက်တဲ့ သဘာဝကလေးတွေကိုလည်း လှလှပပ ရေးသွားတာ ကိုယ်ကိုယ်တိုင် ကလေးတွေနဲ့ ပါသွားသလားလို့တောင် ထင်မိပါတယ်။ အဲလောက်ညွှန်းရရင် တော်ရောပေါ့နော်။ :P

မြန်မာပြန် ရှိမရှိတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲလိုမျိုး ဗရုတ်သုတ်ခကျတဲ့ ကောင်လေးတွေအကြောင်း ရေးထားတဲ့ ဆရာဇ၀နရဲ့ "ဆိုးပေ" ကိုတော့ ဖတ်ဖူးပါတယ်။ ('ဆိုးပေ' ကလည်း ဘာသာပြန်ဝတ္ထုတစ်ပုဒ်ပါ။ ဘယ်ဝတ္ထုကို ပြန်သလဲဆိုတာတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အရင်က မှတ်ထားတာ ပြန်ရှာမရတော့လို့ပါ။) Mark Twain ကတော့ ဒီဝတ္ထုကို ကလေးတွေအတွက် ရည်ရွယ်တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် 'ဆိုးပေ'ကို အရွယ်မရွေးဖတ်ပြီး သဘောကျကြသလို Tom Sawyer ကိုလည်း နှစ်ချိုက်ကြပါတယ်။ သူငယ်ချင်းတွေလည်း နှစ်ချိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒါနဲ့ စကားမစပ် ဂန္ထ၀င်ဝတ္ထုတွေ စိတ်ဝင်စားရင် Penguin Classics series တွေကို ရှာဝယ်နိုင်ပါတယ်။ ဈေးပေါပါတယ်။ S$3 or S$ 4 လောက်ပဲရှိပါတယ်။ စလုံးမှာ စာအုပ်ဆိုင်တိုင်းလိုမှာ ရှိပါတယ်။ ဈေးတက်သွားရင်တော့ သိဝူးပေါ့ဗျာ။ Oxford နဲ့ longman ကတော့ ဈေးနဲနဲပိုများပါတယ်။ အကြိုက်ဆုံးကတော့ Oxford ကထုတ်တဲ့ classic series တွေပါ။ ရှင်းလင်းချက်တွေ သိပ်ပြီးစုံပါတယ်။ ကျွန်တော်ဝယ်ခဲ့တဲ့ Jack London ရဲ့ The Sea Wolf ကို S$ 18.50 ပေးရပါတယ်။ ကျွန်တော်ကတော့ တန်တယ်ထင်တာပဲ။ :P

Adventures of Tom Sawyer (Content)
Adventures of Tom Sawyer 1
Adventures of Tom Sawyer 2
Adventures of Tom Sawyer 3
Adventures of Tom Sawyer 4
Adventures of Tom Sawyer 5
Adventures of Tom Sawyer 6
Adventures of Tom Sawyer 7
Adventures of Tom Sawyer 8
Author: vanko
•9:01 PM

www.examiner.com

ကျွန်တော့်ရဲ့ ဘလော့မှာ Ebook link ကလေးတစ်ခုထားပြီး Classic Literature ဆိုတဲ့ ခေါင်းစဉ်နဲ့ဝတ္ထုစာအုပ်လေးတွေ ဝေမျှပေးလာတာ အခုနောက်ပိုင်း ဆက်မတင်ဖြစ်ဖူးဖြစ်နေပါတယ်။ ဘယ်သူမှလဲ သိပ်စိတ်မ၀င်စားကြဘူး ထင်လို့ပါ။

အစကတော့ မြန်မာစာအုပ်ကလေးတွေ ရှိသမျှ ဝေမျှပေးဖို့ပါ။ နိုင်ငံရပ်ခြားမှာက မြန်မာစာအုပ်က ရှားတယ်မဟုတ်လား။ အဲဒါ အင်တာနက်ကို ဟိုဟိုဒီဒီ လျှောက်မကလိတက်ခင်ကပေါ့။ နောက်ပိုင်းကျတော့ လျှောက်သဝေထိုးရင်းနဲ့ 'နေ့သစ်'တို့လို မြန်မာစာအုပ်တွေ အများကြီး တင်ထားပေးတဲ့ ဆိုက်တွေတွေ့တော့မှ ရေငတ်တုံး ရေတွင်းထဲကျသလို ၀မ်းသာအားရ ဒေါင်းတော့တာပါပဲ။ အင်း.. ကိုယ့်ထက်အများကြီးပိုပြီး စုံစုံလင်လင် တင်ပေးနိုင်တာကိုတွေ့ရတော့ မြန်မာစာအုပ်တွေကို ကိုယ်ဝေမျှစရာတောင် မလိုတော့ဘူးလေ။ သူတို့ဆီမှာက အကြောင်းအရာစုံ စာရေးဆရာစုံ ကျယ်ကျယ်ပြန့်ပြန့် တင်ထားပေးထားတာကို တွေ့ရပါတယ်။ အရမ်းလည်း ကျေးဇူးတင်မိပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း မြန်မာစာအုပ်တွေကို ဆက်မတင်ဖြစ်တော့ပဲ 'မြန်မာအင်ဂျင်နီယာဖိုရမ်'မှာ Classic Literature ဆိုတဲ့ topic လေးဖွင့်ပြီး ကျွန်တော့်မှာရှိတဲ့ အနောက်တိုင်း ဂန္ထ၀င်ဝတ္ထုတွေကို တင်ပေးပါတယ်။ အဲဒါနဲ့ တစ်ချိန်တည်း ကျွန်တော့်ရဲ့ ဘလော့လေးမှာလဲ Ebook link ကလေးထားပြီး တစ်ပြိုင်တည်း တင်ပေးပါတယ်။ ဒါပေမယ့် သိပ်စိတ်မ၀င်စားကြဘူးထင်လို့ ဆက်မတင်ဖြစ်တော့ပါ။ နောက်တစ်ချက်ကလည်း စာအုပ်တွေမတင်ခင်မှာ ကျွန်တော်ကိုယ်တိုင် ဖတ်ပြီးသားဖြစ်မှ ဖတ်ညွှန်းသဘောလေး ရေးပြီးမှ တင်ပေးတာဆိုတော့ အခုနောက်ပိုင်းမှာလည်း ၀တ္ထုရှည်တွေကို အချိန်ပေးမဖတ်နိုင်တော့တာကလည်း တစ်ကြောင်းမို့ ဆက်မတင်ဖြစ်တော့တာပါ။

ဒါပေမယ့် ဟိုတစ်လောက ကိုညီလင်းဆက်ရဲ့ ဘလော့မှာ ကျွန်တော့ရဲ့ Ebook link လေးကို ဖေါ်ပြပေးထားတာကို ကျွန်တော့ဆီလာတဲ့ link တွေကိုစစ်ရင်းနဲ့တွေ့တော့မှ ငါတာဝန် မကျေဖြစ်နေပါလားလို့ ခံစားမိပါတယ်။ အခုလို ဖေါ်ပြပေးထားတဲ့ ကိုညီလင်းဆက်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော့်မှာ ရှိသမျှ စာအုပ်ကလေးတွေကို ဆက်လက်ပြီး ဝေမျှပေးပါမယ်။ ဖတ်ပြီးသားရော မဖတ်ရသေးတာရော ဖတ်လက်စရောပေါ့။ မြန်မာစာအုပ်တော့ မဟုတ်တော့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာစာအုပ်က 'နေ့သစ်'မှာ အတော်များများကို ရှိပါတယ်။ စိတ်ပါဝင်စားသူများ သွားပြီးဒေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ အခုဆက်ပြီး အနောက်တိုင်း ဂန္ထ၀င်ဝတ္ထုတွေကို Classic Literature ခေါင်းစဉ်နဲ့ပဲ ဆက်ပြီး ဝေမျှသွားပါမယ်။ နောက် အလျဉ်းသင့်ရင်လည်း အခုခေတ်ပြိုင်စာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း တင်သွားပေးပါ့မယ်။ အဲဒါတွေကတော့ non-fiction တွေပဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အခုနောက်ပိုင်းစာရေးဆရာတွေရဲ့ ၀တ္ထုတွေကို မဖတ်ဖြစ်တော့ပါဘူး။ non-fiction တွေပဲ အဖတ်များလို့ပါ။ (အရင်က ဆရာကြီးတွေစာကို ဖတ်ရသလို အရသာမရှိဘူး ထင်မိလို့ပါ။ အမှန်တော့ အစွဲအလန်းပါ။ သိသိကြီးနဲ့ ပြင်မရတာကတော့ တက်နိုင်ဘူးဗျာ။ မဖတ်ရသေးတာချင်းအတူတူ အသစ်နဲ့ အဟောင်း ဘယ်ဟာဖတ်မလဲဆိုရင် နာမည်တွေကို ရင်းနှီးနေပြီး ဖတ်ချင်ခဲ့တဲ့၊ မဖတ်ဖြစ်သေးတဲ့ ဂန္ထ၀င်ဝတ္ထုတွေကိုပဲ ရွေးဖတ်မိမှာပါ။ တစ်ခါတစ်ခါ တွေးမိပါတယ်။ ငယ်ငယ်က ဖတ်ချင်ခဲ့တဲ့ အဟောင်းတွေကိုသာ ကုန်အောင်လိုက်ဖတ်နေရရင် အသစ်ကို ဖတ်မိတော့မှာ မဟုတ်ဘူးလို့.. ဖတ်စရာတွေကလည်း ကုန်ကို မကုန်နိုင်ဘူးဗျာ..)

အဲ.. တင်ပေးမယ်ဆိုတာတောင် ဒီနေ့တော့ မဟုတ်သေးပါဘူး။ ကျွန်တော့်စာအုပ်တွေကို mediafire ကို upload တင်နေတုံးပါ။ သိတဲ့အတိုင်းပဲ connection ကလည်း တစ်နေ့ရွှေ တစ်နေ့ငွေ မဟုတ်လား။ မနက်ဖြန်မှာတော့ အတော်များများ ရင်းနှီးပြီးသားဖြစ်နေကြမယ့် အမေရိကန်စာရေးဆရာကြီး Mark Twain ရဲ့ "ADVENTURES OF TOM SAWYER" ကို တင်ပေးပါ့မယ်။

မေ့လို့.. 'နေ့သစ်' elibrary ကို ဒီက နေသွားပါခင်ဗျာ။

သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
Author: vanko
•10:42 PM
Gulliver's Travels




“ဂါလီဗာ၏ ခရီးစဉ်များ” ဆိုတာ ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘ၀ ကတည်းက ရင်းနှီးခဲ့တာပါ၊ ဂါလီဗာ သင်္ဘောပျက်ပြီး လူသေးသေးလေးတွေရဲ့ တိုင်းပြည် “လီလီပွတ်” ကို ရောက်ရှိသွားပုံကို ၈ တန်း အင်္ဂလိပ်စာမှာ သင်ခဲ့ရပါတယ်။ နောက်တော့ ဆရာမောင်ထင် (ကျွန်တော်အမှတ်မှားရင် ပြင်ပေးကြပါ။) ဘာသာပြန်ထားတဲ့ “ဂါလီဗာ၏ ခရီးစဉ်များ” စာအုပ်ကို ဖတ်ခဲ့ရပါတယ်။ ဟိုတုန်းကတော့ ထူးထူးဆန်းဆန်း တိုင်းပြည်တွေကို ရောက်သွားတဲ့ စွန့်စားခန်းပုံပြင်လို့ပဲ သဘောထားခဲ့တာပါ။ နောက်မှ မြန်မာ စာရေးဆရာကြီးတွေရဲ့ ကျေးဇူးနဲ့ ဒီခရီးစဉ်တွေရဲ့ တကယ့်ဆိုလိုရင်းကို ရေးရေးနားလည်လာပါတယ်။ ဒီဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာကိုလည်း ကြည့်ဖူးပါတယ်။ ကျွန်တော်တော့ စာအုပ်ကိုပဲ ပိုသဘောကျပါတယ်။

ဒီစာအုပ်ဟာ အိုင်းရစ် သရော်စာရေးဆရာကြီး၊ ကဗျာဆရာကြီး Jonathan Swift (November 30, 1667[1] – October 19, 1745) ရဲ့ masterpiece လက်ရာတစ်ခုပါ။ ဒီစာအုပ်ရဲ့ တရားဝင် နာမည်ကတော့ “Travels into Several Remote Nations of the World, in Four Parts. By Lemuel Gulliver, First a Surgeon, and then a Captain of several Ships” ဖြစ်ပါတယ်။ 1726 ခုနှစ်မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး 1735 မှာ ပြင်ဆင်ဖြည့်စွက်ပြီး ထပ်မံထုတ်ဝေခဲ့ပါတယ်။

ဒီစာအုပ်ဟာ ပုံပြင်ဆန်ဆန်ဖြစ်ပေမယ့် သရော်စာအုပ်တစ်အုပ်ပါ။ သူ့ခေတ်က အင်္ဂလန်နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးသမားတွေအကြောင်း၊ လူကုံထံဂုဏ်သရေရှိ ဆိုတဲ့ အမျိုးသမီးတွေအကြောင်း၊ လူတွေရဲ့ ငါမှငါ ထင်တစ်လုံး ဖြစ်နေတာတွေ စတာတွေကို သရော်လှောင်ပြောင်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာ ထင်တစ်လုံးဖြစ်နေတဲ့ လူတွေကို နှိပ်ကွပ်ချင်လို့ လူ့အဖြစ်ကို အင်မတန်နိမ့်ကျသယောင် အရေးအဖွဲ့တွေလဲတွေ့ရမှာပါ၊ ဥပမာ “ဟွေနှင်း” ဆိုတဲ့ မြင်းတိုင်းပြည်မှာ လူတွေဟာ အောက်တန်းစား၊ အသိဥာဏ်နိမ့်ကျသူတွေ ဖြစ်နေပုံ စသဖြင့်ပေါ့။ ဖတ်နေရင်း တခါတလေတော့လဲ မခံချိမခံသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သရော်စာအနုပညာ လက်ရာတစ်ခုပါ။ လိုအပ်ရင် အတိဿယ၀ုတ္တိအလင်္ကာတွေ သုံးရတာပါပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ်ဗျာ ကမ္ဘာကျော် ဂန္ထ၀င်လက်ရာတစ်ပုဒ်ကို ဖတ်ခွင့်ရတာ ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်။ တွေးချင်ရင် ဆန့်ပြီး တွေးစရာတွေလည်း အများကြီးပါပဲ။ အားလုံး ခံစားကြည့်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။ (တချို့ နာမည်တွေကို ဖတ်ရတာတော့ အခက်အခဲတွေ့လိမ့်မယ်ဗျာ။ နောက်ပြီး 0ld English ဆိုတော့ လုံးစေ့ပါဒ်စေ့ နားလည်ဖို့လည်း အတော်ခက်ပါတယ်။)

Gulliver's Travels
Author: vanko
•10:46 PM
Andersen's Fairy Tales


ဒိန်းမတ်က စာရေးဆရာ ကဗျာဆရာကြီး Hans Christian Andersen (April 2, 1805 – August 4, 1875) ရဲ့ ပုံပြင်စာအုပ်ကလေးကို ဝေမျှချင်ပါတယ်။ ဒီ Fairy Tales ဆိုတဲ့ နတ်သမီးပုံပြင်တွေဟာ စတင်ထုတ်ဝေစဉ်က ချက်ချင်းအောင်မြင်မှုမရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုအဓိကကျော်ကြားစေခဲ့တဲ့ သူ့ရဲ့ ဂန္ထ၀င်လက်ရာများဖြစ်ပါတယ်။ ဆရာအံ့မောင်က “အန်ဒါဆင်းပုံပြင်များ” ဆိုပြီး မြန်မာပြန်ခဲ့ဘူးပါတယ်။ အကျော်ကြားဆုံးကတော့ “ဘဲရုပ်ဆိုးကလေး” ပုံပြင်ဖြစ်မယ်ထင်ပါတယ်။ Disney က နှစ်ကြိမ်တိုင်တိုင် ကာတွန်းရုပ်ရှင်အဖြစ် ပြောင်းလဲဖန်တီးခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ ပုံပြင်လေးဖြစ်ပါတယ်။ အခု စာအုပ်မှာ ပုံပြင်ပေါင်း ၁၈ ပုဒ်ပါဝင်ပါတယ်။ စိတ်မကောင်းစရာက ဒီ Collection မှာ “ဘဲရုပ်ဆိုးကလေး” ပုံပြင်က ပါမလာပါဘူး။ တခြား ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား ပုံပြင်တွေကတော့ “သန်း၊ နှံကောင်နဲ့ ဖားတို့ရဲ့ အမြင့်ခုန်ပြိုင်ပွဲ” “ရေသူမကလေး” “ဘုရင်ကြီးရဲ့ ၀တ်လဲတော်အသစ်” စတဲ့ပုံပြင်တွေပါပဲ။၊ အားလုံးနှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီမှာ download လုပ်ပါ။

ANDERSEN'S FAIRY TALES
Author: vanko
•9:19 PM
Robert Louis Stevenson


Strange Case of Dr Jekyll and Mr Hyde

စကော့ စာရေးဆရာ Robert Louis Stevenson (November 13, 1850–December 3, 1894) ရဲ့ ဒီဝတ္ထုကို ၁၈၈၆ မှာ ပထမအကြိမ်စတင် ထုတ်ဝေခဲ့ပါတယ်။ ဆရာကျော်လှိုင်ဦးက “ဒေါက်တာဂျက်ကီးနှင့် မစ္စတာဟိုက်တို့၏ ထူးဆန်းသောအမှု” ဆိုပြီး မြန်မာဘာသာကို ပြန်ဆိုခဲ့ဘူးပါတယ်။ ရောဘတ်လူးဝစ်စတီဗင်ဆန်ဟာ ၀တ္ထုရေးဆရာ၊ ကဗျာဆရာ၊ ခရီးသွားစာပေရေးသားသူ တစ်ယောက်ဖြစ်ပြီး အားနက်စ်ဟဲလမင်းဝေး၊ ရုယာ့ဒ်ကစ်ပလင်း တို့လို စာရေးဆရာတွေရဲ့ လေးစားမှုကို ခံယူရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Treasure Island “ရတနာကျွန်း” ၀တ္ထုဟာ သူ့ရဲ့လက်ရာဖြစ်ပြီး သူ့ကို အောင်မြင်မှုလမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ ၀တ္ထုတစ်အုပ်လည်းဖြစ်ပါတယ်။

အခုစာအုပ်ဟာ လန်ဒန်က ရှေ့နေတစ်ဦးရဲ့ သူ့ရဲ့မိတ်ဆွေဟောင်း ဖော်ရွှေခင်မင်တက်တဲ့ လူကြီးလူကောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာဂျက်ကီးနှဲ့ လူမြင်သူမြင်မနေတက်ပဲ လူတွေကို မုန်းတီးနေတဲ့ မစ္စတာဟိုက်တို့ရဲ့ အမှုကို စုံစမ်းထောက်လှမ်းပုံကို ရေးသားထားတာပါ။

ဒီစာအုပ်ဟာ “စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုကြောင့် ကြမ်းကြုတ်ရက်စက်တက်တဲ့ သဘာဝ” (psychopathology) နဲ့ “လူတစ်ကိုယ်ထည်းမှာ ကိုယ်ရည်ကိုယ်သွေးနှစ်မျိုးကွဲခြင်း” (split personality) ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အယူအဆတွေကို ဖော်ထုတ်ရေးသားထားတာကြောင့် ထင်ရှားပါတယ်။

ဇာတ်လမ်း plot ကတော့ ကလေးမလေးတစ်ယောက်ကို လမ်းမပေါ်မှာ ရက်ရက်စက်စက်နင်းခြေသွားခဲ့တဲ့ အရပ်ပုပြတ်ပြတ်နဲ့ မစ္စတာဟိုက်ဟာ ကလေးမလေးကို လှည့်တောင်မကြည့်ပဲ တံခါးတစ်ခုနောက်မှာ ပျောက်ကွယ်သွားပုံ၊ နောက်တစ်နေ့မှာတော့ သူပြန်ပေါ်လာပြန်ပြီး ကလေးမလေးရဲ့ ဆွေမျိုးတွေကို လေးစားရလောက်တဲ့ လူကြီးလူကောင်းတစ်ယောက် လက်မှတ်ထိုးထားတဲ့ ချက်လက်မှတ်နဲ့ အလျော်ပြန်လာပေးပုံ ကနေစပြီး လူတကာလေးစားရတဲ့ ဒေါက်တာဂျက်ကီးနဲ့ ပုပြတ်ပြတ်ရုပ်ဆိုးဆိုး မစ္စတာဟိုက်တို့ရဲ့ ဆက်စပ်မှုကို ဇာတ်ရှိန်ကောင်းကောင်းနဲ့ သယ်သွားတာတွေ့ရမှာပါ။

ဒီဝတ္ထုမှာ Stevenson ဟာ လူ့ရဲ့ မူလစိတ်သဘာဝမှာ ကိန်းအောင်းနေတဲ့ အကောင်းနဲ့အဆိုးကို ခွဲထုတ်ဖို့ ကြိုးစားပုံကို တင်ပြသွားတာပါ။ လူဟာ သူ့ရဲ့မူလစိတ်ဟာ အကောင်းချည်းမဟုတ်သလို အဆိုးချည်းလည်းမဟုတ်ပါဘူး။ နောက် လူဟာ ဆိုးချင်ပါသော်လည်း ဘာသာရေးအဆုံးအမ၊ ဥပဒေ၊ လူ့ကျင့်ဝတ်၊ ဂုဏ်သိက္ခာ စတာတွေကြောင့် ထိန်းသိမ်းနေရတာတွေလည်း ရှိပါတယ်။ အဲဒီလူရဲ့ မူလစိတ်ထဲက အဆိုးတွေအကုန်လုံးကို ဖယ်ထုတ်လိုက်ပြီး အကောင်းတွေချည်းပဲ ထားခဲ့ဖို့ ဆေးပညာနဲ့ ဒေါက်တာဂျက်ကီးဟာ ကြိုးပမ်းခဲ့ပုံရပါတယ်။ ဒါပေမယ့် သူထင်သလို အကောင်းတွေချည်းပဲ မကျန်ခဲ့တဲ့အခါ၊ လူဟာ မကောင်းတဲ့စရိုက်၊ အထိန်းအကွပ်တွေမဲ့သွားတဲ့ စိတ်အခြေအနေကို သာယာလာတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတာ သူ့ဝတ္ထုကိုပဲ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ ဖတ်မိရင် လက်ကမချချင်လောက်အောင် ဆွဲဆောင်အားကောင်းပါတယ်။

ဒီလင့်ကလေးမှာ ဒေါင်းပါ။
Strange Case of Dr Jekyll and Mr Hyde
Author: vanko
•12:06 AM

The Sea-Wolf

အမေရိကန် စာရေးဆရာ Jack London (1876-1916) ရဲ့ Bestseller တစ်အုပ်ဖြစ်တဲ့ ဒီဝတ္ထုကို 1904 ခုနှစ်မှာ ရေးခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ်ပါ။ ဆရာမိုးဝေနဲ့ ဆရာညွန့်ကြူးတို့ မြန်မာဘာသာကို ပြန်ဆိုခဲ့ဘူးပါတယ်။ ဆရာမိုးဝေရဲ့ ဘာသာပြန်ကို မဖတ်ဘူးပေမယ့် ဆရာညွန့်ကြူးရဲ့ ဘာသာပြန်ကိုဖတ်ပြီး သိပ်သဘောကျလို့ မူရင်းစာအုပ်ကို ရှာဖွေဖတ်ရှုခဲ့တာပါ။

ဆရာညွန့်ကြူးရဲ့ ဘာသာပြန်ကိုနှစ်သက်သလို မူရင်း Jack London ရဲ့ အရေးအသားကို ဖတ်ရတော့ ပိုပြီး ဒီဝတ္ထုကို နှစ်ခြိုက်ခဲ့ရတာပါ။ မူရင်းမှာတော့ ဆရာညွန့်ကြူးရဲ့ ဘာသာပြန်ထက်ကို ဇာတ်ကောင်တစ်ကောင်ခြင်းစီကို ပိုပြီး အသေးစိတ် ရေးဖွဲ့ထားပါတယ်။ စကားပြောပုံ၊ ကိုယ်လက်လှုပ်ရှားပုံ၊ စကားပြောနေရင်း ခြေထောက်ကလေး ဟိုဘက်ဒီဘက် ပြောင်းရပ်တာကအစ အတော်ကို အသေးစိတ် ရေးဖွဲ့ထားတာပါ။

“ပင်လယ်ဝံပုလွေ” ဟာ London ရဲ့ ခါးသီးတဲ့ ဂျပန်ပင်လယ်ပြင် သင်္ဘောသားဘ၀ကိုလည်း ထင်ဟပ်ထားတယ်လို့ ဝေဖန်ရေးသမားတွေက ပြောကြပါတယ်။ တကယ်တော့ London ဟာ ဘ၀မျိုးစုံမှာ ကျင်လည်ခဲ့သူပါ။ သင်္ဘောသား၊ ဂုံလျှော်စက်ရုံအလုပ်သမား၊ အမေရိကန် Gold Rush မှာ ရွှေတူးသမား၊ ခြေသလုံးအိမ်တိုင် အလုပ်လက်မဲ့ဘ၀၊ ဆိုရှယ်လစ်ပါတီဝင် နိုင်ငံရေးသမား၊ (နိုင်ငံရေးမှုနဲ့လည်း ထောင်ကျဖူး)၊ စာရေးဆရာ၊ စသည်ဖြင့် ဘ၀မျိုးစုံအောင် ကျင်လည်ခဲ့ဘူးပါတယ်။ ဘ၀မျိုးစုံ လူမျိုးပေါင်းစုံနဲ့ တွေ့ကြုံခဲ့၊ ဆက်ဆံခဲ့ရလို့လည်း လူတွေရဲ့ စရိုက်ကို ကောင်းစွာ သရုပ်ဖော်နိုင်တာကို တွေ့ရမှာပါ။ အများအားဖြင့်တော့ သူ့ဝတ္ထုတွေဟာ လူဟာ ကြမ်းတမ်းခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရ၊ အနိုင်ယူ ကျော်လွားရတာကို သရုပ်ဖော်ထားတာများပါတယ်။

“ပင်လယ်ဝံပုလွေ” ဟာ အနုနဲ့ အကြမ်း၊ လူ့ကျင့်ဝတ်နဲ့ တောရိုင်းဥပဒေ၊ ခွန်အားနဲ့ ဥာဏ်ပညာ အားပြိုင်ပွဲလို့ ပြောနိုင်ပါတယ်။ ဒီဝတ္ထုရဲ့ အဓိက ဇာတ်ကောင်ဟာ “၀ံပုလွေ လာဆင်” ဖြစ်ပါတယ်။ လာဆင်ဟာ ခွန်အားကြီးတယ်၊ ကြမ်းတမ်းတယ်၊ ရက်စက်ကြမ်းကြုတ်တယ်၊ ဒါပေမယ့် ဥာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ သူ့ဘ၀မှာ လူ့ယဉ်ကျေးမှုဆိုတာနဲ့ မကြုံခဲ့ရပဲ၊ လူ့ကျင့်ဝတ်ဆိုတာကို ကြားတောင်မကြားဘူးတဲ့ လူတစ်ယောက်ပါ။ (Hamp က ethic ဆိုတဲ့ စကားလုံးကို ပြောတော့ လာဆင်က “ဒါဟာ ငါ့ရဲ့ဘ၀မှာ လူတစ်ယောက်ဆီက(လူတစ်ယောက် ပါးစပ်က) ethic ဆိုတဲ့ စကားလုံးကို ပထမဆုံး ကြားဖူးတာပဲ” လို့ ပြောရှာပါတယ်။) ဒါပေမယ့် ဥာဏ်ကောင်းတဲ့လူတစ်ယောက် ဖြစ်တဲ့အလျောက် ကိုယ်တိုင် ကိုယ့်ဘာသာ စာတက်အောင်လေ့လာသင်ယူခဲ့ပြီး နစ်ရှေးတို့၊ ရှိုပင်ဟောင်ဝါတို့လို အတွေးအခေါ်ပညာရှင်တွေရဲ့ စာတွေကို ဖတ်နိုင်တဲ့အထိ တိုးတက်လာခဲ့တာပါ။ ဒါပေမယ့် သူဖြတ်သန်းလာခဲ့ရတဲ့ ခါးသီးတဲ့ ဘ၀အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အတွေးအခေါ်တွေကို သူလိုရာထုတ်နုတ်ကောက်ချက်ဆွဲယူပြီး ကိုယ့်အယူအဆနဲ့ကိုယ် တံခါးပိတ်ပြီး အမှန်လုပ်နေသူပါ။ သူ့ပတ်ဝန်းကျင်က လူတွေဟာလည်း ပညာမတက်၊ အတွေးအခေါ်မရှိ လက်ရုံးအားကိုး ဖျံဖမ်းသမား အရိုင်းအစိုင်းတွေသာဖြစ်တာမို့ သူနဲ့ အတွေးအခေါ်ခြင်း ယှဉ်ပြိုင်ပြောနိုင်တဲ့သူ၊ သူ့အယူအဆတွေကို လှုပ်ခတ်နိုင်တဲ့သူ မရှိခဲ့ပါဘူး။

သူပိုင်တဲ့ ဖျံဖမ်းသင်္ဘော “တစ္ဆေ” ပေါ်မှာ သူသာခွန်အားအကြီးဆုံး၊ သူသာ ဘုရင်၊ သူသာ ဥာဏ်ပညာအရှိဆုံး လူတစ်ယောက်ပါ။ “တစ္ဆေ” ပေါ်မှာတော့ အရာရာကို ခွန်အားကသာ အဆုံးအဖြတ်ပေးပါတယ်။ ဒီလို အခြေအနေထဲကို ပျော့တိပျော့ဖတ်၊ စာရေးတာကလွဲလို့ ဘာကိုမှ လက်ကြောတင်းအောင် မလုပ်ခဲ့ဘူးတဲ့ စာရေးဆရာ ဟမ်ဖရီ ဗန် ဝေဒင် (သူ့ကို လာဆင်က ဟမ့် လို့ပဲ ခေါ်ပါတယ်။) နောက်တော့ ... ကဗျာဆရာမ မော့ဒ်ဘရူးစတား တို့ ရောက်လာတဲ့အခါမှာ မတူညီတဲ့ character တွေအကြား အယူအဆရေးရာ ထိပ်တိုက်တွေ့မှု clash တွေ၊ ဆွေးနွေးငြင်းခုံမှုတွေ ပေါ်ပေါက်လာတော့တာပါပဲ။ ပျော့တိပျော့ဖတ် စာရေးဆရာ သိုးကလေးနှစ်ကောင်ဟာ ၀ံပုလွေကြီး လာဆင်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ဖတ်ကြည့်ကြပါခင်ဗျာ။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တွေးစရာတွေလည်း အများကြီး ရလိမ့်မယ်လို့ ထင်ပါတယ်။

The Sea-Wolf by Jack London

Author: vanko
•9:31 PM
ဆရာကြီးဦးအေးမောင်၊ဆရာမြသန်းတင့်၊ ဆရာနန္ဒာသိန်းဇံ၊ ဆရာလူထုစိန်ဝင်း၊ ဆရာအောင်သင်း တို့ရဲ့ စာအုပ်ကလေးတွေပါ။ စာအုပ်ကောင်းကလေးတွေမို့ နိုင်ငံရပ်ခြားမှာ မြန်မာစာအုပ်ရှားပါးတဲ့ ဒုက္ခကို ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ပါတယ်။ (copy right နဲ့ ညိလာတဲ့အခါကျရင်လည်း မျှခံကြနော်...။) ထုံးစံအတိုင်း “ချယ်ရီသစ္စာ” ကပါပဲ။

1. ဆရာကြီးဦးအေးမောင်၊ “ဗီဇနှင့် ပတ်ဝန်းကျင်”
2. ဆရာလူထုစိန်ဝင်း၊ “ရှက်စိတ်”
3. ဆရာမြသန်းတင့်၊ “လမင်းကို ထရံပေါက်မှကြည့်ခြင်း”
4. ဆရာမြသန်းတင့်၊ “ကြာညိုနံ့သင်းသော ရေ၀တီမ”
5. ဆရာလူထုစိန်ဝင်း၊ “လူငယ်နဲ့ တာဝန်ယူစိတ်”
6. ဆရာအောင်သင်း၊ “ကိုယ်ကျင့်နဲ့ ပညာ”
7. ဆရာနန္ဒာသိန်းဇံ၊ “ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ”
Author: vanko
•1:04 AM
ဒီတစ်ခါတော့ စဉ်းစားစရာလေးတွေ၊ အသိအမြင် တိုးပွားလိုသူများအတွက် အတွေးအခေါ်နဲ့ဆိုင်တဲ့ စာအုပ်ကလေးတွေပါ။ ဒီစာအုပ်ကလေးတွေအတွက်လည်း “ချယ်ရီသစ္စာ” ကိုပဲ credit ပေးပါတယ်။

အတွေးအမြင်စာစဉ်၊ ဇန်န၀ါရီ 2005
အတွေးအမြင်စာစဉ်၊ ဇွန်၊ 2005
အတွေးအမြင်စာစဉ်၊ သြဂုတ်၊ 2005
အတွေးအမြင်စာစဉ်၊ အောက်တိုဘာ၊ 2005
Author: vanko
•10:37 PM
ကျွန်တော့်မှာ ရှိတဲ့ စာအုပ်ကလေးတွေကို ပြန်ဝေမျှချင်ပါတယ်။ ဒါပေမယ့် ဘယ်လို organise လုပ်ပေးရမှန်းမသိဘူး။ အခု ဆရာမြသန်းတင့်ရဲ့ အက်ဆေးစာအုပ်လေးကို အစမ်းတင်ကြည့်လိုက်ပါတယ်။
ဒီစာအုပ်ကလေးအတွက် “ချယ်ရီသစ္စာ” ကို credit ပေးပါတယ်။

link ကို left click မလုပ်ပါနဲ့။ အချိန်ပိုကြာမှာစိုးလို့ပါ။ right click လုပ်ပြီး Save Link As... ကို ရွေးပေးပါ။
15-myathantint(thaminesakarpansakar).pdf